အိုဘယ့် အနော်ရထာ...
ပထမမြန်မာ တိုင်းမဟာကို
ထူထောင်ဆန်းသစ်
သမိုင်းတခေတ်မှာဖြင့်
ကျောက်စာတွေချန်ရစ်ခဲ့ပုံက
သာသနာပြုဘုရင်တဲ့။
အိုဘယ့် ဘုရင့်နောင်
ဖောင်တော်ကိုဖျက်
တိုင်းတပါးက နန်း
အံ့မခန်း သတ္တိသွေးတွေနဲ့
သိမ်းပိုက်လို့ စံမြန်း
မှတ်တမ်းမှာတော့
ဒုတိယ အောင်နိုင်သူတဲ့။
အိုဘယ့် အလောင်းဘုရား
ယိုးဒယားကို ချီတက်
ဝါးရင်းဒုတ်တဖက် ဓားတဖက်နဲ့
အနိုင်ယူ နယ်မြေချဲ့လို့
အာရှမှာ တန်းဝင်
တတိယ ဘုရင်တဲ့။
အိုဘယ့် ဦသိန်းစိန်
အနော်ရထာကိုကျော်
သာသနာတော်ကို ချီးမြှောက်တော်မူပုံက
သန္တိသုခကို သိမ်း
လယ်တီသိမ်ကို နေရာချိန်း(Change)လို့
လက်ပန်းတောင်းရဲ့ ညနက်နက်မှာ
သံဃာတွေမီးသင်္ကန်းကပ်ရင်း
ကမ္ဘာကျော် အာဏာရှင်စရင်းအရောက်
ထိုးဖောက်အောင်မြင်သွားတဲ့သူ။
အိုဘယ့် ဦးသိန်းစိန်
ဘုရင့်နောင်ကို ကျော်တက်
တော်ချက်က လက်လန်
တရုတ်ထံ ပြည်ပါအပ်
ထောင်ဒဏ်ကရှစ်ရက်
အမြစ်မပြတ်သေးတဲ့ မြစ်ဆုံနဲ့
ဒီမတ်လကုန်ရင်ဖြင့်
ဒိုးတော့မယ့်သူ။
အိုဘယ့် ဦးသိန်းစိန်
အလောင်းဘုရားကို ခေါက်ထား
ဟောက်စားနေတဲ့ တပည့်ကျော်တွေနဲ့
ကျောက်စိမ်းမြေကို ပွဲတော်တည်
မြန်မာမယ် အိမ်ဖော်တသင်း
တရုတ်ပြည် အရောက်နှင်းပါလို့
အမျိုးဂုဏ်ကိုမြှင့်တင်လိုက်ပုံက
အိမ်ဖော်မျိုးဟေ့ ဒို့ဗမာတဲ့။
အိုဘယ့် အနော်ရထာ
ဘုရင်နောင်နဲ့ အလောင်းဘုရားတို့ရေ...
ကောင်းစားနေသော လက်တဆုပ်စာအတွက်
ဆုလာဘ်က သုံးသိန်း...
လယ်တွေသိမ်း
ယာတွေသိမ်းလို့
ရုံးချိန်းတွေနဲ့ မအားလပ်တာက တောင်သူ...
ဗလောင်ဆူနေတဲ့ ရင်တခြမ်းနဲ့
ပင်ပန်းနေကြတာက အလုပ်သမား...
တရုတ်ကို အားထားရင်း
မဟာဒယားကြီးပွားနေတာက ခရိုနီ..
ဒီမိုကရေစီပညာရေးအတွက်
အချုပ်ထဲမှာ စာကျက်နေကြတာက ကျောင်းသား...
တောင်းစားရ လုလုနဲ့
ရှိစုမဲ့စု ထားပစ်ခဲ့ရတာက တိုင်းရင်းသား....
ရိုင်းပင်းစကားကို ရှောင်ရှားလို့
ကြောင်ဖားတသိုက် အားစိုက်နေတာကအမျိုးသားရေး...
သူခိုးအားပေး အယူတလွဲ
လူလိုဆဲနေကြတာက သင်္ဃန်းခြုံတချို့....
ရှေ့သို့ ရှေ့သို့လို့
မြိုဆို့ပြီး ဘေးတိုက်သွားနေကြသူကတဖွဲ့....
အသက်က ယဲ့ယဲ့
စကားသံက သဲ့သဲ့နဲ့
လူနဲ့မတူတော့တဲ့သူတွေက ပြည်သူတွေမို့
ကြည်ဖြူစွာ ဘွဲ့ကိုနှင်းရရင်ဖြင့်
အရိုင်းဘုရင်တကာ့ ထိပ်ခေါင်
နှိုင်းယှဉ်လို့မရတဲ့
သမိုင်းတွင်လှတဲ့ ထိပ်ပြောင်ပါလို့။
Yae Tay Za@တောကဘကြီး
No comments:
Post a Comment