Tuesday, 29 March 2022

H

အိမ် ခြံ မြေ ဆို တာ လူတိုင်းနဲ့ မစိမ်းလှပါဘူး။  အိမ်ခြံမြေ စဝယ်တာကနေ ကိုယ့် အမည်ပေါက် ပြောင်းပြီးအချိန်အထိ နားလည်သလောက်လေး knowledge share ချင်ပါတယ်။ လူအများအတွက် ဗဟုသုတလေး တစ်ခု ဖြစ်မယ်ဆိုရင် ရေးရကျိုး နပ်ပါပြီ။ 

First Step
ဘယ် အရာမဆို ပထမ ခြေလှမ်းက အရေးကြီးပါတယ်။ ကိုယ် ရေရှည် နေမယ့်နေရာ။ စီးပွားရေးအတွက် မြုတ်နှံမယ့်နေရာမှာ ပြီးစလွယ် ဆုံးဖြတ်လို့မရပါဘူး။ နည်းနည်း များများ ကိုယ့်ပိုက်ဆံဟာ အဖိုးတန်ပါတယ်။ အဲ့ဒါမို့ မြေကွက်တစ်ကွက်၀ယ်တော့မယ်ဆို ရေရှည်ကိုကြည့်ပါ။ ပြီးစလွယ် မဆုံးဖြတ်ပါနဲ့ ။ ပတ်၀န်းကျင်ကို လေ့လာပါ။ အားလုံးလေ့လာပြီးလို့ စိတ်တိုင်းကျပြီဆိုရင် မြေကွက်ရာဇ၀င်ကို စုံစမ်းပါ။

 များသောအားဖြင့်
👉 ဂရံ အမည်ပေါက်။ 
👉 SP( အမည်ပေါက်ဆီမှ တိုက်ရိုက် special power ယူထားသူ)။ 
👉 GP (SP ထံမှ powerတဆင့် ပြန်ယူထားသူ) စသဖြင့် ရှိတက်ကြပါတယ်။ 
အကောင်းဆုံးကတော့ ဂရံအမည်ပေါက်ဆီက တိုက်ရိုက် SP ယူပြီး ၀ယ်ရရင် အကောင်းဆုံးပေါ့။ အဲ့လိုမှ မရင် Second Choice အနေနဲ့ ပိုင်ရှင်ဆီက SP တိုက်ရိုက်ရထားသူ ဆီက၀ယ်မယ် ဆိုလည်း သိပ်မဆိုးသေးဘူး။ GP အဆက်ဆက်နဲ့ ဆိုရင်တော့ မ၀ယ်တာ အကောင်းဆုံးပါ။ ကိုယ်က ပြန်ရောင်းရင် အရောင်းခက်တက်ပါတယ်။ 
အဲ့ဒီလို အကြောင်းကြောင်း တွေကြောင့် စျေးမဆစ်မှီစျေးစကား မပြောမှီ။ စာရွက်စာတမ်းကို အရင်စစ်ကြည့်ပါ။ ဂရံဆို ပိုင်ရှင် အမည်ပေါက် ဟုတ်မဟုတ် သေချာမေးပါ။ မှတ်ပုံတင် တောင်းပြီး ဂရံနဲ့ တိုက်ကြည့်ပြီးမှ စျေးစကား စပြော စေချင်ပါတယ်။ စာရွက်စာတမ်း မှန်ကန်ပြီစျေးလည်း တည့်ပြီ ဆို ရောင်းသူ ၀ယ်သူ ၂ ဖက်ညှိပြီး စရံငွေနဲ့ခွဲပေးမယ့် အရစ်တိုင်းအတွက် ညှိနှိုင်းပါ။ ရောင်းမယ့်သူက အရောင်း မြေပုံ ထုတ်ပြီးသားဆို စရံကြီးစချလို့ ရပါတယ်။ အရောင်းမြေပုံ မထုတ်ရသေးတာတို့ မြေပုံသက်တမ်း ကုန်နေတာတို့ဆို ​စတိစရံချ မြေပုံထွက်လာမှ စရံကြီးချပါ။ မြေပုံထွက်လာရင်အဲ့အရောင်းမြေပုံနဲ့ရန်ကင်းကံဘဲ့က စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ SP ယူပါ။ SP ယူဖို့ကလည်း အဲ့ မှတ်ပုံတင်ရုံးရှေ့မှာ ၀န်ဆောင်မှုပေးတဲ့ ဆိုင်လေးတွေ အများကြီးပါ။ ကိုယ်ကြိုက်တဲ့ ဆိုင်မှာ စျေးညှိပြီး SP ယူလို့ရပါတယ်။ ပြောချင်တာက ၀ယ်မယ့်သူကသူ့ အမည်ပေါက်ပြောင်းချင်တယ်ဆို သူ့နာမည်နဲ့ Sp ယူလို့မရပါ။ ယုံကြည်စိတ်ချရတဲ့ တခြားသူ ဥပမာ မိဘ၊ သားသမီး၊ ဆွေမျိုး တယောက်ယောက်ကို SP ပေးရပါမယ်။ အဲ့ဒီလို SP ရပြီးတာနဲ့ Final Payment ကို ပေးပြီး အရောင်းအ၀ယ် ကိစ္စပြီးပါပြီ။ ကိုယ် အမှန်တကယ် နေမယ့် မြေကွက်ဆို ကိုယ့်နာမည်ပေါက် ပြောင်းထားတာ အကောင်းဆုံးပါ။ ပြန်ရောင်းမယ့် မြေကွက်ဆို ယခု SP အဆင့်မှာတင် ရေရှည်ထားပြီး စျေးတက် မြတ်မှ ပြန်ရောင်းလို့ရပါတယ်။ ဒါပေသိ ကိုယ့်ကို Power ပေးခဲ့သူ သေသွားခဲ့ရင်တော့ အဲ့ SP ဟာ အလိုအလျောက် ပျက်ပြယ်သွားတက်ပါတယ်။ Safe အဖြစ်ဆုံးကတော့ နာမည်ပေါက် ပြောင်းထားတာ အကောင်းဆုံးပါ။ က်ုယ့် နာမည်ပေါက် စပြောင်းတော့မယ်ဆိုပြည်တွင်းအခွန်များဦးစီးဌာန ရာဖြတ်ရုံးမှာစာချုပ်။ ဂရံ၊ SP ရောင်းသူ/၀ယ်သူမှတ်ပုံတင်် ၊ သန်းခေါင်စာရင်း မိတ္တူ၅စုံ နဲ့ ရာဖြတ်တင်မယ့် အိမ်ရဲ့ အရှေ့ ဘယ် ညာ ဓာတ်ပုံတစ်ပုံစီ နဲ့ ရာဖြတ်တင်ရပါမယ်။

 ရာဖြတ်ကျလာတဲ့အခါ သက်ဆိုင်ရာ မြို့နယ်ရုံးမှာ ချလံထုတ် တံဆိပ်ခေါင်းခွန် + အမြတ်ခွန် ၂ရွက် ကျသင့်တန်ဖိုး ဘဏ်မှာဆောင် ဆောင်ပြီး မိတ္တူ ၃စုံနဲ့ မြို့နယ်ရုံးမှာ တန်ဖိုးကြီး တံဆိပ်ခေါင်း ထုတ် ပြီး အဲ့ တံဆိပ်ခေါင်းတွေနဲ့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်ကြီး ချုပ်ရပါမယ်။ အဲ့ဒါကလည်း မှတ်ပုံတင်ရုံးရှေ့က ၀န်ဆောင်မှု ဆိုင်လေးတွေကို ခိုင်းလို့ရပါတယ်။ စာချုပ်ကြီးရလာတဲ့အခါ မှ စည်ပင်ရုံးမှာ ဂရံ အမည်ပြောင်း စလျောက်ရပါမယ်။ တစ်ခုသတိထားရမှာက အရောင်းမြေပုံသက်တမ်းရှိတဲ့အချိန်အတွင်းပဲ အပေါ်က ကိစ္စတွေ လုပ်လို့ရတာပါ။ မြေပုံသက်တမ်းက တစ်နှစ်ပါ။ မြေပုံသက်တမ်းကုန်သွားရင် မြေပုံ အသစ်ပြန်ထုတ်ပြီးမှ ပဲ ဆောင်ရွက်လို့ ရပါမယ်။

 စည်ပင်မှာ ဂရံမိတ္တူ။ စာချုပ်ကြီးမိတ္တူ။ အခွန်ဆောင်ပြီးသား ချလံ မိတ္တူ ။ မြေခွန်ကင်းရှင်းကြောင်း အထောက်အထား စာရွက် စတာတွေနဲ့ အမည်ပြောင်း လျောက်ရပါမယ်။ စည်ပင်မှာ သတင်းစာ ကြော်ငြာထည့် ပြီး ရင် သက်ဆိုင်ရာမြို့နယ် ထွေအုပ်။ ရယက လက်မှတ် ယူဖို့ ပေးလိုက်တဲ့ စာရွက်မှာ ထွေအုပ်။ ရယက လက်မှတ်ထိုးပြီး ပြန်သွားတင်တဲ့ အခါ နောက်ဆုံးအနေနဲ့ ငွေသွင်း ပြီးရင် စည်ပင်ဂရံပြောင်း ကိစ္စ ပြီးပါပြီ။

မြေအရောင်းအ၀ယ် လုပ်သူများ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်း ကြပါစေလို့ ဆန္ဒပြုလျက်

No comments:

Post a Comment